Wednesday 2 March 2011

အလှူ အတွေ့အကြုံ

ကျနော်တို့ အဖွဲ့ရဲ့ ပထမဆုံးသောအလှူလေး ဖြစ်မြောက်အောင် ကူညီပေးခဲ့သော ညီမငယ်ရဲ့  အတွေ့အကြုံလေးကို ပြန်လည်ဝေမျှလိုက်ရပါတယ်။ ဓါတ်ပုံများကိုတော့ ဖြည်းဖြည်းချင်း တင်ပေးသွားပါ့မယ်။

လောလောဆယ် ရုံးကနေ ဆည်းဆာရိပ်မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ အရင်ပို့ပေးလိုက်ပါတယ်... ညကျမှ အလှူငွေဖြတ်ပိုင်းနဲ့ ဂုဏ်ပြုလက်မှတ်ကို စကန်ဖတ်ပြီးပို့ပေးလိုက်ပါမယ်... ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဖုန်းပြောဖြစ်ပါတယ်... ပထမနေ့ကတော့ ဆရာမက မန္တလေးသွားနေလို့ နောက်ရက်မှ ဖုန်းပြန်ဆက်ဖို့ သူအိမ်ကပြောပါတယ်... နောက်ရက်ဆက်တော့ ဆရာမက သင်တန်းပေးနေရလို့ မအားပါဘူး... ဒါနဲ့ ဆရာမကို အလှူငွေလှူချင်ကြောင်းပြောလိုက်တော့ ဆရာမက ဘယ်နေရာကို လာချင်လဲမေးပါတယ်... ပူးတေလဲ ဆရာမတို့ အဆင်ပြေတဲ့နေရာကို လာခဲ့မယ်လို့ပြောလိုက်တယ်... ဆရာမက သုခရိပ်မြုံကို လာခဲ့ပါလား ဆရာမရှိမယ်တဲ့... ဒါနဲ့ ပူးတေလဲ ဆရာမကို taxi သမားကို ဘယ်လိုပြောပြီးပို့ခိုင်းရင် ရောက်မလဲလို့မေးတော့ ဆရာမက taxi နဲ့လာမယ်ဆိုရင် ဆည်းဆာရိပ်ကိုပဲ အရင်လာခဲ့လိုက်တော့၊ ဆည်းဆာရိပ်ရောက်မှ ဆည်းဆာရိပ်မှာ ရှိတဲ့လူတွေနဲ့ ဆရာမကို သုခရိပ်မြုံကနေခေါ်ပေးပါပါလို့ပြောပြီး ခေါ်ခိုင်းလိုက် ဆရာမ ဆည်းဆာရိပ်လဲလိုက်ပြမယ်.. သုခရိပ်မြုံလဲ လိုက်ပြမယ်လို့ ဖုန်းထဲကနေ နောက်နေ့မနက် ၈ နာရီခွဲ ဆည်းဆာရိပ်ကို အရောက်လာခဲ့ဖို့ချိန်းလိုက်ပါတယ်....

နောက်နေ့ မနက်ကျတော့ ပူးတေသူငယ်ချင်းတယောက်ကိုခေါ်ပြီးတော့ ဆည်းဆာရိပ်ကိုသွားကြဖို့ ၇ နာရီခွဲက ကားစငှားပါတယ်...ကားသမားတွေက တောင်ဒဂုံလား မြောက်ဒဂုံလားမေးနေတာနဲ့ အရှေ့ဒဂုံလို့ပြောလဲမသိကြဘူး... ပူးတေလဲ မသိတော့ ဒဂုံတက္ကသိုလ်နားထင်တယ်လို့ပြောလိုက်တော့ ကားခတွေ ၆ ထောင်တွေ ၈ ထောင်တွေ တောင်းကြတယ်... အဲဒါနဲ့ အစ်ကိုဆီဖုန်းလှမ်းဆက်ပြီး အဲဒါဘယ်နေရာလဲ မေးတော့မှ သူညွှန်ပြတာနဲ့ ကားသမားတွေကို ပြောပြတော့မှ ၄ ထောင်တွေ ဖြစ်ကုန်တယ်...ဒါနဲ့ သူငယ်ချင်းနဲ့ ၂ ယောက်သားလန့်ပြီး အပြန်ကျ ငှားစရာ ကားမရှိမှာစိုးတာနဲ့ သူငယ်ချင်းရဲ့ အသိကားတစီးကို အသွားအပြန်စောင့်ခိုင်းဖို့ ပြောပြီးဈေးဆစ်စရာမလိုပဲ ၆ ထောင်နဲ့တည့်သွားပါတယ်...ဟိုရောက်တော့ တော်တော်လေးရှာယူလိုက်ရတယ်... ဒဂုံထဲကို ဝင်ရတာ မဝေးပေမယ့် အဲဒီ တပင်ရွှေထီးလမ်းကနေကို အထဲကိုဝင်ရတာ အတော်လေးလှမ်းပါတယ်...လမ်းကလဲမ ကောင်းတော့ ပိုဆိုးပါတယ်...ကားသမားဦးလေးကြီးက သနားပါတယ်... တော်တော်လေးလဲ သဘောကောင်းတယ်... သူလဲတခါမှမရောက်ဖူးတဲ့နေရာ ပူးတေလဲ တခါမှမသိတဲ့နေရာကို သေသေချာချာမေးမြန်းပြီး စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေးတာ ကျေးဇူးတင်ဖို့ကောင်းပါတယ်... ပူးတေကလဲ ဦးလေးရေ သမီးတို့ ပိုက်ဆံထပ်ပေးဖို့လိုရင်ပြောပါ... သမီးထပ်ပေးပါမယ်... အားမနာပါနဲ့လို့ပြောတော့သူက သမီးတို့ အလှူသွားလုပ်တာ ဦးလေးလဲ တတ်နိုင်တဲ့ဘက်က ကူညီတာ... ဦးလေးတခါမှမရောက်ဖူးသေးတဲ့နေရာကို လိုက်ပို့ရင်း မသိသေးတဲ့နေရာတခုကိုသိရတာ နောက်ဦးလေးကားကိုစီးတဲ့ ခရီးသည်တွေကိုလဲ လှူနိုင်အောင်ဦးလေးက ပြောပြနိုင်တယ်... ဦးလေးစိတ်ဝင်စားပါတယ်တဲ့... ထပ်ပေးစရာမလိုပါဘူးတဲ့... ရိပ်သာမှာလဲ အကြာကြီးစောင့်ပေးသေးတယ်... အပြန်ကျတော့ ကားသမားဦးလေးကြီးကို ဆရာမ ဒေါ်သန်းမြင့်အောင်ရေးထားတဲ့ စာအုပ်လေးတအုပ်နဲ့ ဆည်းဆာရိပ်ရဲ့ ပန်းဖလပ်လေးတခု ပေးလိုက်တယ်... ဦးလေး အသိတွေ မိတ်ဆွေတွေ လှူချင်တဲ့ လူတွေရှိရင် လှူလို့ရအောင် လမ်းညွှန်ပေးလို့ရအောင်လို့လို့...

ရိပ်သာရောက်တော ၈ နာရီခွဲကို ၁၀ မိနစ်ကျော်ကျော်လေး စွန်းနေပြီ.... ဝင်ဝင်ချင်း ဦးလေးကြီးတယောက်နဲ့တွေ့ပြီး ရိပ်သာ အုပ်ချုပ်ရေးတာဝန်ခံ ဦးဘိုဆိုတဲ့ ဘဘတယောက်ဆီပို့ပေးတယ်... ဦးဘိုဆီရောက်တော့ ပူးတေက ဆရာမနဲ့ ဖုန်းပြောထားတဲ့အကြောင်းနဲ့ ဆရာမကို ခေါ်ပေးဖို့ ဆရာမက မှာထားကြောင်းပြောပြလိုက်တယ်... ဦးဘိုက ပူးတေကို သမီးငွေလှူမယ်ဆို ဘဘတို့နဲ့ပဲ ပြီးလို့ရတယ်ဆိုပြီးနိုင်ကြောင်း၊ ဘဘတို့လဲ ရိပ်သာတာဝန်ခံတွေဖြစ်ကြောင်း အလှူငွေတွေကို တာဝန်ယူ လက်ခံပေးနိုင်ကြောင်း၊ ဆရာမက အလုပ်များနေကြောင်း၊ အခု ဆရာမက ထိုင်းမှတက်လာတဲ့ သင်တန်းတခုကို ဒီမှာ ပြန်ပြီး သင်တန်းပြန်ပို့ချနေကြောင်း ပြောပြပါတယ်...ဆရာမက သင်္ဘောသီးတို့ ငှက်ပျောသီးတို့ကနေ ဆပ်ပြာထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ရှင်းပြပါတယ်... ဘယ်သူတွေကို သင်တန်းပေးနေလဲဆိုတာတော့ ပူးတေလဲ မမေးဖြစ်တော့ပါဘူး... ဆရာမကို ခေါ်စရာမလိုရင် မခေါ်စေချင်ပုံမို့ ပူးတေလဲ အဲဒီဘဘကို အတင်းမခေါ်ခိုင်းတော့ပါဘူး... ဒါပေမယ့် ဆရာမနဲ့ ချိန်းထားပြီးသားဖြစ်နေလို့ ဆရာမမျှော်နေမှာဆိုးလို့ ဘဘကပဲ ဆရာမကို ပြောပြပေးပါလို့တော့ ပြောခဲ့လိုက်သေးတယ်... အဲဒီနောက်ပိုင်း ပူးတေလဲမအားတာနဲ့ ဆရာမဆီ ဖုန်းပြန်မဆက်ဖြစ်တော့ဘူး...

ဘဘဦးဘိုကတော့ နောက်ဘဘတယောက်ကိုခေါ်ပြီးတော့ ပူးတေတို့ကို ရိပ်သာထဲလိုက်ပြခိုင်းပါတယ်.. ပူးတေက ဓါတ်ပုံရိုက်သွားချင်ပါတယ်...ဒါမှ ပူးတေတို့အဖွဲ့က လူတွေသိရအောင် ပြနိုင်မှာ ခွင့်ပြုပါဆိုတော့ ဆရာမကတော့ မီဒီယာတွေ သီတင်းထောက်တွေကို ရိုက်ဖို့ခွင့်မပြုထားဘူးလို့ သိရပါတယ်... ပူးတေတို့ကတော့ မီဒီယာလဲမဟုတ်လို့ ရိုက်ခွင့်ပြုလိုက်မယ်လို့ ဆိုပါတယ်...လက်ရှိရိပ်သာရဲ့ ဘေးမှာ နောက်ထပ်အဆောက်အဦးတစ်ခု ထပ်ဆောက်နေပါတယ်... လောလောဆယ်တော့ ဘိုးဘွား ၁၀ ဦးကိုပဲ လက်ခံထားနိုင်သေးတယ်... နောက်ထပ် စာရင်းပေးထားတဲ့ ဘိုးဘွားတွေလဲ အများကြီးရှိနေသေးတယ်လို့ သိရပါတယ်... ဆောက်လက်စ အဆောက်ဦးသစ်ပြီးရင်တော့ နောက်ထပ်ဘိုးဘွား အယောက် ၃၀ လက်ခံ စောင့်ရှောက်နိုင်မယ်လို့ သိရပါတယ်... သန်လျင်က နေရာကတော့ အသစ် ဆည်းဆာရိပ် လောလောဆယ်တော့ လူမရှိသေးဘူးထင်တယ်(မစရသေးဘူး ဖြစ်မယ်)... တဦးတည်းအလှူရှင်က အဆောက်ဦးဆောက်ဖို့ရော မြေကွက်ရော လှူပါတယ်တဲ့... ဒါပေမယ့် အလှူရှင်က ဘေးက မြေကွက်(ထောင့်ကွက်) ကိုပါရမှ ကားဝင်ဖို့ (အဓိက လူနာတင်ကား) အဆင်ပြေမှာမို့ နောက်မြေကွက်ကိုပါ ဝယ်ယူလှူဒါန်းဖို့အတွက် မြေပိုင်ရှင်နဲ့ ညှိနှိုင်းဝယ်ယူဖို့ လုပ်နေကြောင်း ဘဘဦးဘိုကနေပဲ ရှင်းပြပါတယ်....

ရိပ်သာထဲကို ဝင်လိုက်တာနဲ့ ရိပ်သာထဲစီးတဲ့ ဖိနပ် (ဘဘတို့အခေါ် ကျန်းမာရေးဖိနပ်) တွေနဲ့ လဲလှယ်ဝတ်ဆင်ရပါတယ်...ပူးတေတို့သွားတော့ ရိပ်သာ သန့်ရှင်းရေးလုပ်ပြီးကာစ ကာဘော်လစ်ဆီလို အနံ့မျိုး တခန်းလုံးရနေပါတယ်... ရိပ်သာကြမ်းခင်း ကြွေပြားတွေကို သေချာ သန့်ရှင်းရေး လုပ်ထားပါတယ်.. အဘိုး ၂ဦးကိုတော့ ရိပ်သာ ဧည့်ခန်းမှာပဲ ဆေးရုံတွေမှာ ကာတဲ့ ခန်းဆီး လိုက်ကာလို ဟာမျိုးကာထားပြီး ကုတင်တွေနဲ့ ထားထားပါတယ်...အဘိုးတယောက်ကိုတော့ ဓါတ်ပုံ မရိုက်ဖြစ်ခဲ့လိုက်ဘူး... ရောက်ရောက်ချင်း အဘိုးအဘွားတွေကို မြင်တော့ စိတ်မကောင်းတာနဲ့ ဓါတ်ပုံရိုက်ရမှာလဲ အားနာနေတာနဲ့ ချက်ချင်း ထုတ်မရိုက်ဖြစ်ဘူး... နောက်မှ ငါရိုက်သွားပေးမှပဲ ကျန်တဲ့ မရောက်သေးတဲ့လူတွေ သိရပြီး ထပ်လှူချင်တဲ့ လူတွေလဲ ထပ်လှူလို့ရမယ်လေဆိုပြီး အားနာနာနဲ့ပဲ ထုတ်ရိုက်ဖြစ်တော့တယ်... အဘွားတွေကိုတော့ တခြားတဖက်မှာရှိတဲ့ ဟောခန်းမှာ တယောက်အိပ်ကုတင်လေးတွေနဲ့ သေသေချာချာထားထားပါတယ်... ကျန်းမာရေး စောင့်ရှောက်တဲ့ သူနာပြု နာ့စ် အစ်မတယောက်နဲ့ နေ့တိုင်း လာလာကြည့်ပေးနေတဲ့ ဆရာဝန်တယောက်ရှိတယ်လို့ပြောပါတယ်... သူနာပြုအစ်မကိုတွေ့ခဲ့ရပါတယ်..

ရိပ်သာကို ဧပြီလကမှ စခဲ့တယ်လို့သိရပါတယ်... ဒါကြောင့်ရိပ်သာအနေနဲ့ အဖက်ဖက် လိုအပ်နေသေးတယ်.. မပြည့်စုံသေးတာကို နားလည်ပေးပါလို့ ဘဘဦးဘိုက ဆိုပါတယ်... ဧပြီလကစခဲ့ပြီး သက်တမ်းလပိုင်းလေးမျှသာရှိနေပေမယ့် ရှိတာလေးနဲ့တော့ ပြီးပြည့်စုံအောင်လုပ်ထားတယ်ဆိုတာ မြင်ရုံနဲ့ သိသာပါတယ်... ဝန်ထမ်းတွေကလဲ ဝတ်ကျေတမ်းကျေမျိုးမဟုတ်ပဲ ကိုယ့်မိဘဆွေမျိုးတွေကို ပြုစုနေသလိုမျိုးကို ပြုစုနေကြတာ တွေ့ရပါတယ်... ဝန်ထမ်းတွေကိုလဲ အမြဲတမ်း တသမတ်ထဲ အားလုံးမငှားနိုင်ပါဘူးတဲ့ ရံပုံငွေရှိတဲ့လဆို သန့်ရှင်းရေး ထမင်းချက် ဘိုးဘွားတွေ ပြုစုစောင့်ရှောက်ဖို့ဆိုပြီး ဝန်ထမ်း ၄ ယောက် ၅ယောက်ငှားနိုင်ပေမယ့် ရံပုံငွေနည်းနေတဲ့ အချိန်တွေဆို ဝန်ထမ်းတွေ ပြန်လျော့ထားပြီး ပိုက်ဆံပိုမှ ပြန်ခေါ်မယ်ဆိုပြီး ပြန်လွှတ်ရပါတယ်တဲ့....

 ဂီလာနရိပ်သာဆိုတော့ ဘိုးဘွားတွေအားလုံးက ရောဂါသည်တွေချည်းပါပဲ။ ရောဂါသည်တွေနေတဲ့ နေရာပေမယ့် ဘိုးဘွားတွေ အနေနဲ့ သူတို့အိမ်မှာ နေရတာထက်ကို ပိုပြီး သန့်၂ရှင်း၂သပ်၂ရပ်၂ နေကြရပါတယ်။ ညစ်ပတ်ပေရေနံစော်နေတဲ့ အနံ့မျိုးလုံးဝမရပဲနဲ့ ပိုးသတ်းဆေးနံ့ လေးပဲ ရနေပါတယ်.. ဘာလို့ ဘိုးဘွားတွေနေရတဲ့နေရာဟာ သူတို့အိမ်ထက်ပိုကောင်းပါတယ်လို့ပြောရလဲဆိုတော့ ဘိုးဘွားတွေကို မြောက်ဥက္ကလာဆေးရုံ၊ သင်္ကန်းကျွန်းဆံပြဆေးရုံတွေမှာ မြေးအရင်းက လိပ်စာအတုနဲ့ လာတင်ထားပြီး ဆေးဝယ်ဖို့လိုတယ်ဆိုမှ ဆေးရုံက လိပ်စာနောက်လိုက်တော့ သူတို့ပေးခဲ့တဲ့ လိပ်စာမဟုတ်လို့ ဆေးရုံက ဆေးကုသပေးပြီး ဆရာမဒေါ်သန်းမြင့်အောင်တို့ကို ဆက်သွယ်ပြီး စောင့်ရှောက်ခိုင်းထားတဲ့ အဖွားတွေ အဖိုးတွေရယ်... အမှိုက်ပုံမှာ လဲနေလို့ ဆိုက်ကားဆရာက အမြင်မတော်လို့ ဆေးရုံမှာ လာတင်သွားပြီး ဆိုက်ကားဆရာလဲ သူ့ဝမ်းစာသူရှာရဦးမှာမို့ ဆေးရုံကနေပဲ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ကိုဆက်သွယ်အပ်နှံထားတာတွေကြောင့် ဆရာမတို့ဆီမှာ စောင့်ရှောင့်ခံထားရတဲ့ ဘိုးဘွားတွေအနေနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေရတာထက်ပိုကောင်းတယ်လို့ ပြောတာပါ.....ဘဘဦးဘိုက ဘိုးဘွားတွေက လူမမာတွေ လူနာတွေဆိုတော့ ဆေးဘိုးအင်မတန်ကုန်ပါတယ်တဲ့... သမီးတို့တွေဒီလိုလှူတာ အရမ်းကုသိုလ်ရပါတယ်တဲ့ ...မျက်စိခွဲထားတဲ့ လူနာ ၃ ယောက်လောက်(ဓါတ်ပုံမရိုက်ခဲ့ရတဲ့ အဖိုးကလဲ မျက်စိ ကွယ်နေတာပါ) ရှိပါတယ်...ပထမဆုံးဓါတ်ပုံ အဖိုးကတော့ အဆုတ်လဲမကောင်းတော့ဘူး... အသဲလဲမကောင်းတော့ဘူး။ ဆေးရုံကို ပြန်ပြန်ပို့နေတာတင် ၃ ခါရှိနေပြီလို့ပြောပါတယ်။ တင်ပါးမှာလဲ အနာတွေပေါက်နေလို့(အိပ်ယာနာ) အဖိုးအတွက် အထူးမွေ့ယာ(ပူးတေထင်တာ ရေမွေ့ယာလားမသိ) ဝယ်ပေးထားရတယ်လို့ပြောပါတယ်.....

 ပူးတေစာလဲ အတော်လေးရှည်သွားပြီ... ပူးတေသိခဲ့တာလေးတွေ ပြန်မျှဝေပေးတဲ့ သဘောပါပဲ.... ပူးတေပြောခဲ့တဲ့အထဲမှာ ကျန်ခဲ့တာလေးတွေ သိချင်တာတွေပါခဲ့ရင်လဲ ပြန်မေးလို့ရပါတယ်...အဖွဲ့ဝင် အလှူရှင်တွေအနေနဲ့ သိရအောင်ပူးတေ တတ်စွမ်းသလောက်ကူညီတာပါ...အဖွဲ့ဝင်မဟုတ်တဲ့ တခြားလူတွေလဲ လှူဖြစ်ကြတယ်ဆိုရင် ပူးတေလဲ ကုသိုလ်ပိုရတာပေါ့...


ခင်မင်စွာဖြင့်
ပူးတေ

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

No comments:

Post a Comment