Saturday 30 April 2011

၆ ကြိမ်မြောက် အလှူ

၂၀၁၁ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေငလျင်အတွက် ဘလောဂ့်ဂါ မနိုင်းနိုင်းစနေ ဘလောဂ့်မှ ဒီပို့စ်လေးဖြင့် အလှူခံခဲ့ပါတယ်။ အလှူခံ ပိုစ့်လေးကို ဖတ်ပြီး OBYG ရဲ့တတိယ ရည်ရွယ်ချက်နှင့် ကိုက်ညီတာကြောင့် တက်နိုင်တဲ့ဖက်က တက်နိုင်သလောက် ပါဝင်မယ်လို့ ဆိုတဲ့အတိုင်း ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ ပါဝင်လှူဒါန်းမှုကို ဒီနေရာလေးမှာ သွားကြည့်နိုင်ပါတယ်။ အလှူအတွက် ပြုလုပ်လှူဒါန်းမှု အစုစုကိုလည်း ဒီနေရာလေးမှ တဆင့် သွားရောက် လေ့လာနိုင်ပါတယ်။

OBYG ရဲ့ ( ၆ ) ကြိမ်မြောက် အလှူလေးကတော့ အောင်မြင်စွာ အထမြောက်လို့ သွားခဲ့ပြန်ပါပြီ။

Wednesday 20 April 2011

ငါးကြိမ်မြောက် အလှူ


OBYG ( နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ ) ရဲ့ ငါးကြိမ်မြောက် အလှူလေးကိုတော့ ရန်ကုန်မှာ ရှိတဲ့ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီတစ်ခါလည်း အဖွဲ့ဝင် မောင်နှမရဲ့ အကူအညီနှင့် သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။ OBYG လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလေး ဖြစ်ပါတယ်။
ဒါကတော့ ငွေလက်ခံရရှိကြောင်း ပြေစာလေးပါ။ OBYG ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မိဘမဲ့ ကလေးများ၊ သက်ကြီးရွယ်အိုများ နှင့် သဘာဝဘေး အန္တာရယ်ကျရောက်ရာ နေရာဒေသများသို့ တက်နိုင်တဲ့ ဖက်မှ နိုင်သလောက်လှူဒါန်းသွားဖို့ ရည်ရွယ်ထားပါတယ်။ OBYG ရဲ့ ငါးကြိမ်မြောက် အလှူကို မိဘမဲ့ ကလေးများအတွက် လှူဒါန်းနိုင်ခဲ့ပါတယ်။ OBYG ၏ ပြုခဲ့ပြီးသော ကုသိုလ်အစုစုအတွက် ခုနှစ်ရက် သားသမီးများ အား အမျှပေးဝေးလိုက်ရပါတယ်။

Monday 18 April 2011

လေးကြိမ်မြောက် အလှူ

အဖွဲ့လေးကို စတင်ကတည်းက နည်းနည်းများများလှူဒါန်းသွားဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ရဲ့  လေးကြိမ်မြောက်အလှူကိုတော့ အဖွဲ့ဝင် မောင်နှမများ ပြုလုပ်လှူဒါန်းမဲ့ အလှူမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုနဲ့ အဖွဲ့ရဲ့ လေးကြိမ်မြောက် အလှူလေးကို အောင်အောင်မြင်မြင်နဲ့ လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဒီနေရာလေးမှာ သွားရောက်လေ့လာနိုင်ပါတယ်။

Saturday 19 March 2011

သုံးကြိမ်မြောက် ( အလှူ )

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ သုံးကြိမ်မြောက် အလှူလေးကတော့ အလှူငွေအနေနဲ့ များများစားစား မဟုတ်ခဲ့ပင်မဲ့ ပါဝင်လှူဒါန်းခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကြည်နူး ဖြစ်ရပါတယ်။ ဒီနေရာလေးမှာ အဖွဲ့မှလှူဒါန်းခဲ့သော ဂရုဏာမြေဖောင်းဒေရှင်းရဲ့ အကြောင်းအရာတစ်ချို့ ရှိပါတယ်။



နိုင်ငံခြားရောက်မြန်မာလူငယ်များ အဖွဲ့

ဒုတိယ အကြိမ် ( အလှူ )

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့လေးသည် လူနည်းစုဖြစ်တဲ့ သူငယ်ချင်းမောင်နှမများဖြင့် ဖွဲ့စည်းထားတာ ဖြစ်သောကြောင့် အလှူပြုလုပ်သော အခါတွင်လည်း တစ်နိုင်တစ်ပိုင် အလှူလေးသာဖြစ်ပါတယ်။ ကိုယ်နိုင်သလောက် တက်နိုင်တဲ့ ဘက်က ကူညီလိုက်ရတာကိုးပဲ ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ သိန်းဘယ်လောက်ရမှ လှူမယ်။ ဒီလောက်ရှိမှ လှူမယ်လို့ ဆိုတဲ့ စိတ်မျိုး မရှိပဲ တက်နိုင်တဲ့ဘက်က ငါးကျပ်တန်သည်ဖြစ်စေ၊ ၁၀ တန်သည်ဖြစ်စေ ပါဝင်လှူဒါန်း ချင်တဲ့ စိတ်လေး တစ်ခုကြောင့်သာ အလှူပြုလုပ်ရခြင်းဖြစ်ပါတယ်။

အခုဆိုရင်လည်း နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် အလှူလေးကိုတော့ ကဗျာ၊ စာရေးဆရာမ ဦးဆောင်ပြီး ပြုလုပ်တဲ့ သုခရိပ်မြုံမှသည် ဆိုတဲ့ ခေါင်းစဉ်ဖြင့် HIV ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်များနှင့် အခြားအခြားသော လူမှု့အဖွဲ့အစည်းများသို့ လှူဒါန်းခဲ့သော အလှူလေး၌ နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့မှ အလှူငွေ စင်ကာပူဒေါ်လာ ၁၀၀ ပါဝင်လှူဒါန်းခဲ့ပါတယ်။

၎င်းအလှူအား စာနယ်ဇင်းများရှေ့တွင် ပြုလုပ်လှူဒါန်းခဲသော ပွဲဖြစ်ပင်မဲ့ အခြေအနေအရပ်ရပ်ကြောင့် ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဖေါ်ပြနိုင်ခွင့် မရရှိခဲ့ပါ။ ဒါကြောင့် ဆရာမအိန္ဒြာမှ အလှူမှတ်တမ်းလေး လင့်အဖြစ် ဒီနေရာမှာ တင်ထားပါတယ်။ မောင်နှမများအနေနဲ့ သွားရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လှူဒါန်းပါဝင်လိုက်ရတဲ့ အလှူလေးကတော့ အထမြှောက်သွားခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း တက်နိုင်တဲ့ ဘက်က တက်နိုင်သလောက် ပါဝင်လှူဒါန်းသွားဖို့ စိတ်ကူးများဖြင့်..............



နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

Friday 4 March 2011

ဆည်းဆာရိပ်မှ ( ပထမအကြိမ် )

ဆည်းဆာရိပ် ဆိုတာက ဂီလာနဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ပေးတဲ့နေရာလေး တစ်ခုဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ အလှူလေးလုပ်မယ်လို့ စိတ်ထဲဖြစ်နေပင်မဲ့ လှူဖို့အတွက်ကျပြန်တော့လည်း ကိုယ်တိုင်ကိုယ်ကျလေး လှူချင်တဲ့ စိတ်ကဖြစ်နေပြန်တော့ ဘယ်မှာ လှူရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ သိပ်မကြာသေးခင်ကမှ တည်ထောင်နေတဲ့ ဆရာမဒေါ်သန်းမြင့်အောင် ဦးစီပြီးလုပ်နေတဲ့ ဒီရိပ်သာလေးကို စဉ်းစားမိလိုက်တယ်။ ဒါနဲ့ပဲ ထန်းသီးကြွေးခိုက် ကျီးနင်းခိုက် ဆိုတဲ့စကားအတိုင်း အလှူလုပ်ဖို့ ငွေသားကလည်း အဆင်သင့်၊ မြန်မာပြည်ပြန်မဲ့ အဖွဲ့ဝင်မောင်နှမကလည်း အဆင်သင့်ဆိုတော့ အလှူငွေကို ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ အတွက်အခွင့်အရေး ကြုံခဲ့ရတာပေါ့။ ပထမတော့ မြန်မာပြည်ပြန်မဲ့ ညီမကို အားနားပါသေးတယ်။ သူ ပြန်မှာက တစ်ပတ်ထဲပါ။ အလှူကိစ္စကိုလိုက်လုပ်မယ်ဆိုရင် တစ်ရက်ကတော့ အချိန်ကုန်မှာသေချာတယ်။ ဒါပင်မဲ့လည်း မြန်မာလူမျိုးတို့ရဲ့ ထုံစံအတိုင်း အလှူအတန်းမှာ ရက်ရောတက်ကြသလို၊  ကူညီဖို့ ဝန်းမလေးတက်တာလဲ မြန်မာတို့ရဲ့စတိုင်ပါ။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ အလှူလေးကို ပထမဆုံးအကြိမ်အဖြစ် လှူဒါန်းနိုင်ခဲ့ပါတယ်။ အောက်မှာဖော်ပြထာတဲ့ အဘိုးအဘွားများရဲ့ပုံတွေကတော့ ဆည်းဆာရိပ်မှာရှိတဲ့ အဘိုးအဘွားများရဲ့ ပုံရိပ်များဖြစ်ပါတယ်။













အဖိုးကတော့ အဆုတ်လဲမကောင်းတော့ဘူး... အသဲလဲမကောင်းတော့ဘူး။ ဆေးရုံကို ပြန်ပြန်ပို့နေတာတင် ၃ ခါရှိနေပြီလို့ပြောပါတယ်။ တင်ပါးမှာလဲ အနာတွေပေါက်နေလို့(အိပ်ယာနာ) အဖိုးအတွက် အထူးမွေ့ယာ(ပူးတေထင်တာ ရေမွေ့ယာလားမသိ) ဝယ်ပေးထားရတယ်လို့ပြောပါတယ်....
.
အဖွဲ့လေးရဲ့ပထမခြေလှမ်းလေးလည်းဖြစ်၊ လှူလိုက်ရတဲ့ ငွေကြေးအနေနဲ့ အများကြီးမဟုတ်ပင်မဲ့ လိုအပ်တဲ့ နေရာမှာ လိုအပ်သလိုလေး လှူဒါန်းလိုက်နိုင်တဲ့အတွက် အရမ်းကို ဝမ်းသာကြည်နူးဖြစ်မိပါတယ်။ ဆက်လက်ပြီးတော့လည်း နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့မှ တက်နိုင်တဲ့ဘက်က လှူဒါန်းသွားဖို့ စဉ်းစားဆုံးဖြတ်ထားကြပါတယ်။


နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

ဆည်းဆာရိပ်မှ

ဆည်းဆာရိပ်မှာ အလှူသွားလုပ်တုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ပါ။ အားလုံးအတွက် ပြန်လည် ဝေမျှလိုက်ရပါတယ်။ အဘိုးအဘွားများ ပုံကိုတော့ နောက်ပိုစ့် တစ်ခု အနေနဲ့ ပြန်လည်ဝေမျှပေးပါ့မယ်။







နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

Wednesday 2 March 2011

အလှူ အတွေ့အကြုံ

ကျနော်တို့ အဖွဲ့ရဲ့ ပထမဆုံးသောအလှူလေး ဖြစ်မြောက်အောင် ကူညီပေးခဲ့သော ညီမငယ်ရဲ့  အတွေ့အကြုံလေးကို ပြန်လည်ဝေမျှလိုက်ရပါတယ်။ ဓါတ်ပုံများကိုတော့ ဖြည်းဖြည်းချင်း တင်ပေးသွားပါ့မယ်။

လောလောဆယ် ရုံးကနေ ဆည်းဆာရိပ်မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ အရင်ပို့ပေးလိုက်ပါတယ်... ညကျမှ အလှူငွေဖြတ်ပိုင်းနဲ့ ဂုဏ်ပြုလက်မှတ်ကို စကန်ဖတ်ပြီးပို့ပေးလိုက်ပါမယ်... ဆရာမဒေါ်သန်းမြင့်အောင်နဲ့ ဖုန်းပြောဖြစ်ပါတယ်... ပထမနေ့ကတော့ ဆရာမက မန္တလေးသွားနေလို့ နောက်ရက်မှ ဖုန်းပြန်ဆက်ဖို့ သူအိမ်ကပြောပါတယ်... နောက်ရက်ဆက်တော့ ဆရာမက သင်တန်းပေးနေရလို့ မအားပါဘူး... ဒါနဲ့ ဆရာမကို အလှူငွေလှူချင်ကြောင်းပြောလိုက်တော့ ဆရာမက ဘယ်နေရာကို လာချင်လဲမေးပါတယ်... ပူးတေလဲ ဆရာမတို့ အဆင်ပြေတဲ့နေရာကို လာခဲ့မယ်လို့ပြောလိုက်တယ်... ဆရာမက သုခရိပ်မြုံကို လာခဲ့ပါလား ဆရာမရှိမယ်တဲ့... ဒါနဲ့ ပူးတေလဲ ဆရာမကို taxi သမားကို ဘယ်လိုပြောပြီးပို့ခိုင်းရင် ရောက်မလဲလို့မေးတော့ ဆရာမက taxi နဲ့လာမယ်ဆိုရင် ဆည်းဆာရိပ်ကိုပဲ အရင်လာခဲ့လိုက်တော့၊ ဆည်းဆာရိပ်ရောက်မှ ဆည်းဆာရိပ်မှာ ရှိတဲ့လူတွေနဲ့ ဆရာမကို သုခရိပ်မြုံကနေခေါ်ပေးပါပါလို့ပြောပြီး ခေါ်ခိုင်းလိုက် ဆရာမ ဆည်းဆာရိပ်လဲလိုက်ပြမယ်.. သုခရိပ်မြုံလဲ လိုက်ပြမယ်လို့ ဖုန်းထဲကနေ နောက်နေ့မနက် ၈ နာရီခွဲ ဆည်းဆာရိပ်ကို အရောက်လာခဲ့ဖို့ချိန်းလိုက်ပါတယ်....

နောက်နေ့ မနက်ကျတော့ ပူးတေသူငယ်ချင်းတယောက်ကိုခေါ်ပြီးတော့ ဆည်းဆာရိပ်ကိုသွားကြဖို့ ၇ နာရီခွဲက ကားစငှားပါတယ်...ကားသမားတွေက တောင်ဒဂုံလား မြောက်ဒဂုံလားမေးနေတာနဲ့ အရှေ့ဒဂုံလို့ပြောလဲမသိကြဘူး... ပူးတေလဲ မသိတော့ ဒဂုံတက္ကသိုလ်နားထင်တယ်လို့ပြောလိုက်တော့ ကားခတွေ ၆ ထောင်တွေ ၈ ထောင်တွေ တောင်းကြတယ်... အဲဒါနဲ့ အစ်ကိုဆီဖုန်းလှမ်းဆက်ပြီး အဲဒါဘယ်နေရာလဲ မေးတော့မှ သူညွှန်ပြတာနဲ့ ကားသမားတွေကို ပြောပြတော့မှ ၄ ထောင်တွေ ဖြစ်ကုန်တယ်...ဒါနဲ့ သူငယ်ချင်းနဲ့ ၂ ယောက်သားလန့်ပြီး အပြန်ကျ ငှားစရာ ကားမရှိမှာစိုးတာနဲ့ သူငယ်ချင်းရဲ့ အသိကားတစီးကို အသွားအပြန်စောင့်ခိုင်းဖို့ ပြောပြီးဈေးဆစ်စရာမလိုပဲ ၆ ထောင်နဲ့တည့်သွားပါတယ်...ဟိုရောက်တော့ တော်တော်လေးရှာယူလိုက်ရတယ်... ဒဂုံထဲကို ဝင်ရတာ မဝေးပေမယ့် အဲဒီ တပင်ရွှေထီးလမ်းကနေကို အထဲကိုဝင်ရတာ အတော်လေးလှမ်းပါတယ်...လမ်းကလဲမ ကောင်းတော့ ပိုဆိုးပါတယ်...ကားသမားဦးလေးကြီးက သနားပါတယ်... တော်တော်လေးလဲ သဘောကောင်းတယ်... သူလဲတခါမှမရောက်ဖူးတဲ့နေရာ ပူးတေလဲ တခါမှမသိတဲ့နေရာကို သေသေချာချာမေးမြန်းပြီး စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေးတာ ကျေးဇူးတင်ဖို့ကောင်းပါတယ်... ပူးတေကလဲ ဦးလေးရေ သမီးတို့ ပိုက်ဆံထပ်ပေးဖို့လိုရင်ပြောပါ... သမီးထပ်ပေးပါမယ်... အားမနာပါနဲ့လို့ပြောတော့သူက သမီးတို့ အလှူသွားလုပ်တာ ဦးလေးလဲ တတ်နိုင်တဲ့ဘက်က ကူညီတာ... ဦးလေးတခါမှမရောက်ဖူးသေးတဲ့နေရာကို လိုက်ပို့ရင်း မသိသေးတဲ့နေရာတခုကိုသိရတာ နောက်ဦးလေးကားကိုစီးတဲ့ ခရီးသည်တွေကိုလဲ လှူနိုင်အောင်ဦးလေးက ပြောပြနိုင်တယ်... ဦးလေးစိတ်ဝင်စားပါတယ်တဲ့... ထပ်ပေးစရာမလိုပါဘူးတဲ့... ရိပ်သာမှာလဲ အကြာကြီးစောင့်ပေးသေးတယ်... အပြန်ကျတော့ ကားသမားဦးလေးကြီးကို ဆရာမ ဒေါ်သန်းမြင့်အောင်ရေးထားတဲ့ စာအုပ်လေးတအုပ်နဲ့ ဆည်းဆာရိပ်ရဲ့ ပန်းဖလပ်လေးတခု ပေးလိုက်တယ်... ဦးလေး အသိတွေ မိတ်ဆွေတွေ လှူချင်တဲ့ လူတွေရှိရင် လှူလို့ရအောင် လမ်းညွှန်ပေးလို့ရအောင်လို့လို့...

ရိပ်သာရောက်တော ၈ နာရီခွဲကို ၁၀ မိနစ်ကျော်ကျော်လေး စွန်းနေပြီ.... ဝင်ဝင်ချင်း ဦးလေးကြီးတယောက်နဲ့တွေ့ပြီး ရိပ်သာ အုပ်ချုပ်ရေးတာဝန်ခံ ဦးဘိုဆိုတဲ့ ဘဘတယောက်ဆီပို့ပေးတယ်... ဦးဘိုဆီရောက်တော့ ပူးတေက ဆရာမနဲ့ ဖုန်းပြောထားတဲ့အကြောင်းနဲ့ ဆရာမကို ခေါ်ပေးဖို့ ဆရာမက မှာထားကြောင်းပြောပြလိုက်တယ်... ဦးဘိုက ပူးတေကို သမီးငွေလှူမယ်ဆို ဘဘတို့နဲ့ပဲ ပြီးလို့ရတယ်ဆိုပြီးနိုင်ကြောင်း၊ ဘဘတို့လဲ ရိပ်သာတာဝန်ခံတွေဖြစ်ကြောင်း အလှူငွေတွေကို တာဝန်ယူ လက်ခံပေးနိုင်ကြောင်း၊ ဆရာမက အလုပ်များနေကြောင်း၊ အခု ဆရာမက ထိုင်းမှတက်လာတဲ့ သင်တန်းတခုကို ဒီမှာ ပြန်ပြီး သင်တန်းပြန်ပို့ချနေကြောင်း ပြောပြပါတယ်...ဆရာမက သင်္ဘောသီးတို့ ငှက်ပျောသီးတို့ကနေ ဆပ်ပြာထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ရှင်းပြပါတယ်... ဘယ်သူတွေကို သင်တန်းပေးနေလဲဆိုတာတော့ ပူးတေလဲ မမေးဖြစ်တော့ပါဘူး... ဆရာမကို ခေါ်စရာမလိုရင် မခေါ်စေချင်ပုံမို့ ပူးတေလဲ အဲဒီဘဘကို အတင်းမခေါ်ခိုင်းတော့ပါဘူး... ဒါပေမယ့် ဆရာမနဲ့ ချိန်းထားပြီးသားဖြစ်နေလို့ ဆရာမမျှော်နေမှာဆိုးလို့ ဘဘကပဲ ဆရာမကို ပြောပြပေးပါလို့တော့ ပြောခဲ့လိုက်သေးတယ်... အဲဒီနောက်ပိုင်း ပူးတေလဲမအားတာနဲ့ ဆရာမဆီ ဖုန်းပြန်မဆက်ဖြစ်တော့ဘူး...

ဘဘဦးဘိုကတော့ နောက်ဘဘတယောက်ကိုခေါ်ပြီးတော့ ပူးတေတို့ကို ရိပ်သာထဲလိုက်ပြခိုင်းပါတယ်.. ပူးတေက ဓါတ်ပုံရိုက်သွားချင်ပါတယ်...ဒါမှ ပူးတေတို့အဖွဲ့က လူတွေသိရအောင် ပြနိုင်မှာ ခွင့်ပြုပါဆိုတော့ ဆရာမကတော့ မီဒီယာတွေ သီတင်းထောက်တွေကို ရိုက်ဖို့ခွင့်မပြုထားဘူးလို့ သိရပါတယ်... ပူးတေတို့ကတော့ မီဒီယာလဲမဟုတ်လို့ ရိုက်ခွင့်ပြုလိုက်မယ်လို့ ဆိုပါတယ်...လက်ရှိရိပ်သာရဲ့ ဘေးမှာ နောက်ထပ်အဆောက်အဦးတစ်ခု ထပ်ဆောက်နေပါတယ်... လောလောဆယ်တော့ ဘိုးဘွား ၁၀ ဦးကိုပဲ လက်ခံထားနိုင်သေးတယ်... နောက်ထပ် စာရင်းပေးထားတဲ့ ဘိုးဘွားတွေလဲ အများကြီးရှိနေသေးတယ်လို့ သိရပါတယ်... ဆောက်လက်စ အဆောက်ဦးသစ်ပြီးရင်တော့ နောက်ထပ်ဘိုးဘွား အယောက် ၃၀ လက်ခံ စောင့်ရှောက်နိုင်မယ်လို့ သိရပါတယ်... သန်လျင်က နေရာကတော့ အသစ် ဆည်းဆာရိပ် လောလောဆယ်တော့ လူမရှိသေးဘူးထင်တယ်(မစရသေးဘူး ဖြစ်မယ်)... တဦးတည်းအလှူရှင်က အဆောက်ဦးဆောက်ဖို့ရော မြေကွက်ရော လှူပါတယ်တဲ့... ဒါပေမယ့် အလှူရှင်က ဘေးက မြေကွက်(ထောင့်ကွက်) ကိုပါရမှ ကားဝင်ဖို့ (အဓိက လူနာတင်ကား) အဆင်ပြေမှာမို့ နောက်မြေကွက်ကိုပါ ဝယ်ယူလှူဒါန်းဖို့အတွက် မြေပိုင်ရှင်နဲ့ ညှိနှိုင်းဝယ်ယူဖို့ လုပ်နေကြောင်း ဘဘဦးဘိုကနေပဲ ရှင်းပြပါတယ်....

ရိပ်သာထဲကို ဝင်လိုက်တာနဲ့ ရိပ်သာထဲစီးတဲ့ ဖိနပ် (ဘဘတို့အခေါ် ကျန်းမာရေးဖိနပ်) တွေနဲ့ လဲလှယ်ဝတ်ဆင်ရပါတယ်...ပူးတေတို့သွားတော့ ရိပ်သာ သန့်ရှင်းရေးလုပ်ပြီးကာစ ကာဘော်လစ်ဆီလို အနံ့မျိုး တခန်းလုံးရနေပါတယ်... ရိပ်သာကြမ်းခင်း ကြွေပြားတွေကို သေချာ သန့်ရှင်းရေး လုပ်ထားပါတယ်.. အဘိုး ၂ဦးကိုတော့ ရိပ်သာ ဧည့်ခန်းမှာပဲ ဆေးရုံတွေမှာ ကာတဲ့ ခန်းဆီး လိုက်ကာလို ဟာမျိုးကာထားပြီး ကုတင်တွေနဲ့ ထားထားပါတယ်...အဘိုးတယောက်ကိုတော့ ဓါတ်ပုံ မရိုက်ဖြစ်ခဲ့လိုက်ဘူး... ရောက်ရောက်ချင်း အဘိုးအဘွားတွေကို မြင်တော့ စိတ်မကောင်းတာနဲ့ ဓါတ်ပုံရိုက်ရမှာလဲ အားနာနေတာနဲ့ ချက်ချင်း ထုတ်မရိုက်ဖြစ်ဘူး... နောက်မှ ငါရိုက်သွားပေးမှပဲ ကျန်တဲ့ မရောက်သေးတဲ့လူတွေ သိရပြီး ထပ်လှူချင်တဲ့ လူတွေလဲ ထပ်လှူလို့ရမယ်လေဆိုပြီး အားနာနာနဲ့ပဲ ထုတ်ရိုက်ဖြစ်တော့တယ်... အဘွားတွေကိုတော့ တခြားတဖက်မှာရှိတဲ့ ဟောခန်းမှာ တယောက်အိပ်ကုတင်လေးတွေနဲ့ သေသေချာချာထားထားပါတယ်... ကျန်းမာရေး စောင့်ရှောက်တဲ့ သူနာပြု နာ့စ် အစ်မတယောက်နဲ့ နေ့တိုင်း လာလာကြည့်ပေးနေတဲ့ ဆရာဝန်တယောက်ရှိတယ်လို့ပြောပါတယ်... သူနာပြုအစ်မကိုတွေ့ခဲ့ရပါတယ်..

ရိပ်သာကို ဧပြီလကမှ စခဲ့တယ်လို့သိရပါတယ်... ဒါကြောင့်ရိပ်သာအနေနဲ့ အဖက်ဖက် လိုအပ်နေသေးတယ်.. မပြည့်စုံသေးတာကို နားလည်ပေးပါလို့ ဘဘဦးဘိုက ဆိုပါတယ်... ဧပြီလကစခဲ့ပြီး သက်တမ်းလပိုင်းလေးမျှသာရှိနေပေမယ့် ရှိတာလေးနဲ့တော့ ပြီးပြည့်စုံအောင်လုပ်ထားတယ်ဆိုတာ မြင်ရုံနဲ့ သိသာပါတယ်... ဝန်ထမ်းတွေကလဲ ဝတ်ကျေတမ်းကျေမျိုးမဟုတ်ပဲ ကိုယ့်မိဘဆွေမျိုးတွေကို ပြုစုနေသလိုမျိုးကို ပြုစုနေကြတာ တွေ့ရပါတယ်... ဝန်ထမ်းတွေကိုလဲ အမြဲတမ်း တသမတ်ထဲ အားလုံးမငှားနိုင်ပါဘူးတဲ့ ရံပုံငွေရှိတဲ့လဆို သန့်ရှင်းရေး ထမင်းချက် ဘိုးဘွားတွေ ပြုစုစောင့်ရှောက်ဖို့ဆိုပြီး ဝန်ထမ်း ၄ ယောက် ၅ယောက်ငှားနိုင်ပေမယ့် ရံပုံငွေနည်းနေတဲ့ အချိန်တွေဆို ဝန်ထမ်းတွေ ပြန်လျော့ထားပြီး ပိုက်ဆံပိုမှ ပြန်ခေါ်မယ်ဆိုပြီး ပြန်လွှတ်ရပါတယ်တဲ့....

 ဂီလာနရိပ်သာဆိုတော့ ဘိုးဘွားတွေအားလုံးက ရောဂါသည်တွေချည်းပါပဲ။ ရောဂါသည်တွေနေတဲ့ နေရာပေမယ့် ဘိုးဘွားတွေ အနေနဲ့ သူတို့အိမ်မှာ နေရတာထက်ကို ပိုပြီး သန့်၂ရှင်း၂သပ်၂ရပ်၂ နေကြရပါတယ်။ ညစ်ပတ်ပေရေနံစော်နေတဲ့ အနံ့မျိုးလုံးဝမရပဲနဲ့ ပိုးသတ်းဆေးနံ့ လေးပဲ ရနေပါတယ်.. ဘာလို့ ဘိုးဘွားတွေနေရတဲ့နေရာဟာ သူတို့အိမ်ထက်ပိုကောင်းပါတယ်လို့ပြောရလဲဆိုတော့ ဘိုးဘွားတွေကို မြောက်ဥက္ကလာဆေးရုံ၊ သင်္ကန်းကျွန်းဆံပြဆေးရုံတွေမှာ မြေးအရင်းက လိပ်စာအတုနဲ့ လာတင်ထားပြီး ဆေးဝယ်ဖို့လိုတယ်ဆိုမှ ဆေးရုံက လိပ်စာနောက်လိုက်တော့ သူတို့ပေးခဲ့တဲ့ လိပ်စာမဟုတ်လို့ ဆေးရုံက ဆေးကုသပေးပြီး ဆရာမဒေါ်သန်းမြင့်အောင်တို့ကို ဆက်သွယ်ပြီး စောင့်ရှောက်ခိုင်းထားတဲ့ အဖွားတွေ အဖိုးတွေရယ်... အမှိုက်ပုံမှာ လဲနေလို့ ဆိုက်ကားဆရာက အမြင်မတော်လို့ ဆေးရုံမှာ လာတင်သွားပြီး ဆိုက်ကားဆရာလဲ သူ့ဝမ်းစာသူရှာရဦးမှာမို့ ဆေးရုံကနေပဲ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ကိုဆက်သွယ်အပ်နှံထားတာတွေကြောင့် ဆရာမတို့ဆီမှာ စောင့်ရှောင့်ခံထားရတဲ့ ဘိုးဘွားတွေအနေနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေရတာထက်ပိုကောင်းတယ်လို့ ပြောတာပါ.....ဘဘဦးဘိုက ဘိုးဘွားတွေက လူမမာတွေ လူနာတွေဆိုတော့ ဆေးဘိုးအင်မတန်ကုန်ပါတယ်တဲ့... သမီးတို့တွေဒီလိုလှူတာ အရမ်းကုသိုလ်ရပါတယ်တဲ့ ...မျက်စိခွဲထားတဲ့ လူနာ ၃ ယောက်လောက်(ဓါတ်ပုံမရိုက်ခဲ့ရတဲ့ အဖိုးကလဲ မျက်စိ ကွယ်နေတာပါ) ရှိပါတယ်...ပထမဆုံးဓါတ်ပုံ အဖိုးကတော့ အဆုတ်လဲမကောင်းတော့ဘူး... အသဲလဲမကောင်းတော့ဘူး။ ဆေးရုံကို ပြန်ပြန်ပို့နေတာတင် ၃ ခါရှိနေပြီလို့ပြောပါတယ်။ တင်ပါးမှာလဲ အနာတွေပေါက်နေလို့(အိပ်ယာနာ) အဖိုးအတွက် အထူးမွေ့ယာ(ပူးတေထင်တာ ရေမွေ့ယာလားမသိ) ဝယ်ပေးထားရတယ်လို့ပြောပါတယ်.....

 ပူးတေစာလဲ အတော်လေးရှည်သွားပြီ... ပူးတေသိခဲ့တာလေးတွေ ပြန်မျှဝေပေးတဲ့ သဘောပါပဲ.... ပူးတေပြောခဲ့တဲ့အထဲမှာ ကျန်ခဲ့တာလေးတွေ သိချင်တာတွေပါခဲ့ရင်လဲ ပြန်မေးလို့ရပါတယ်...အဖွဲ့ဝင် အလှူရှင်တွေအနေနဲ့ သိရအောင်ပူးတေ တတ်စွမ်းသလောက်ကူညီတာပါ...အဖွဲ့ဝင်မဟုတ်တဲ့ တခြားလူတွေလဲ လှူဖြစ်ကြတယ်ဆိုရင် ပူးတေလဲ ကုသိုလ်ပိုရတာပေါ့...


ခင်မင်စွာဖြင့်
ပူးတေ

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

ပထမအကြိမ် အလှူမှတ်တမ်း

စတင်လို့ အဖွဲ့ဝင်များရဲ့ အလှူငွေကို အောက်တိုဘာလ ၂၀၁၀မှ စ လက်ခံခဲ့ပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ ထိုသုံးလအတွက် ကျနော်တို့ အဖွဲ့ဝင်များရဲ့ အလှူငွေ စင်ကာပူ ( ၄၀၀ ) ကျော်ရရှိခဲ့ပါသည်။ ထိုကြောင့်လည်း အဖွဲ့လေးရဲ့ ပထမဆုံးသော ခြေလှမ်းလေးအဖြစ် စတင်ရန် အကောင်အထည်ဖော်ခဲ့ကြပါတော့တယ်။ 
ပထမဆုံးဖြစ်သော နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့ရဲ့ ခြေလှမ်းလေးကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တို့ဖွဲ့စည်းတည်ထောင်ထားတဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို အဖွဲ့ထဲမှအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ညီမငယ်တစ်ဦးရဲ့ အကူအညီနဲ့ ကျနော်တို့အဖွဲ့မှ အလှူငွေ ကျပ်တစ်သိန်း တိတိ လှူဒါန်းနိုင်ခဲ့ပါတယ်။

ပထမဆုံးသော အလှူလေးနှင့်ပတ်သက်ပြီး ပါဝင်လှူဒါန်းကြသော အဖွဲ့ဝင်မောင်နှမများနှင့် အကွ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ၊ Taxi ခ အကုန်ခံခဲ့ပြီး အလှူငွေအား သွားရောက်လှူဒါန်းပေးခဲ့သော ညီမငယ် ဧပရယ်ပူတေး ( အဖွဲ့ဝင် ) အားလည်း ကျေးဇူးတင်ကြောင်း အဖွဲ့ဝင်များကိုယ်စား ပြောကြားလိုပါတယ်။
ဒါကတော့ ဆည်းဆာရိပ်မှ အလှူငွေအတွက် ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်တဲ့ မှတ်တမ်းလေးပါ။


ဒါကတော့  အလှူငွေ ဖြတ်ပိုင်းလေးပဲ ဖြစ်ပါတယ်။


 အဖွဲ့ဝင် ညီမ၊ သူ့သူငယ်ချင်း နှင့် တာဝန်ခံ ဦးဘို

ဆက်လက်ပြီး အဖွဲ့ရဲ့လုပ်ဆောင်ချက်များကိုလည်း ဆက်လက် ဖော်ပြပေးသွားပါမယ်။ သွားရောက်လှူဒါန်းပေးခဲ့သော ညီမရဲ့ အတွေ့အကြုံများကိုလည်း ဖော်ပြပေးသွားပါမယ်။


နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

Monday 28 February 2011

နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့

ဒီအဖွဲ့လေးကို ၂၀၁၀ စက်တင်ဘာလလောက်က စတင်အကောင်အထည် ဖော်ဖြစ်ခဲ့ကြပါတယ်။ အဖွဲ့ကိုစတင်ချိန်မှာတော့ စိတ်တူကိုယ်တူ မောင်နှမသုံးလေးယောက်လောက်နဲ့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုမှတဆင့် နီးစပ်ရာ ညီအကိုမောင်နှမတွေကိုလည်း ဖိတ်ခေါ်ခဲ့ရာ စိတ်ဝင်းတစား ပါဝင်လာခဲ့ကြတာကြောင့် အဖွဲ့လေးမှာ တဖြည်းဖြည်းနဲ့ အဖွဲ့ဝင်မောင်နှမ ၁၀ယောက်အထက် ဖြစ်လာခဲ့ပါတယ်။ 

ဒီလိုနဲ့ ၂၀၁၀ အောက်တိုဘာလမှာ စပြီးတော့ အဖွဲ့လေးရဲ့ ရည်ရွယ်ချက်အတိုင်းပဲ အဖွဲ့ဝင်မောင်နှမများဆီမှ အလှူငွေ တစ်လ စင်ကာပူဒေါ်လာ ( ၅ ဒေါ်လာ ) စီ ကောက်ခံခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ အလှူငွေကို  လစဉ်ပုံမှန် မလှူနိုင်ပင်မဲ့ လိုအပ်တဲ့ အချိန် လိုအပ်တဲ့ နေရာမှာ လှူဒါန်းသွားဖို့ ကျနော်တို့ အဖွဲ့မှ ဆုံးဖြတ်ပြီး စုဆောင်းလာခဲ့ကြပါတယ်။


တစ်ချို့သောမောင်နှမများကလည်း လစဉ်ပုံမှန် လှူကြသလို တစ်ချို့သော မောင်နှမများကလည်း သုံးလစာ၊ ငါးလစာ၊ တစ်နှစ်စာ ဆိုပြီးတော့ ပုံစံအမျိုးမျိုးနဲ့ လှူဒါန်းနေကြပါတယ်။ တစ်ချို့သော မောင်နှမများကလည်း အခက်အခဲအမျိုးမျိုးရှိသောကြောင့် ပါဝင်လှူဒါန်းနိုင်ခြင်း မရှိခဲ့ပါ။ ထိုထိုသောမောင်နှမများကိုလည်း စာနာနားလည်သောစိတ်ဖြစ် ယနေ့ ယခုအချိန်ထိ အဖွဲ့ဝင်များ အဖြစ် သက်မှတ်ထားနေတုန်းပါ။

ယခုအချိန်မှာ ကျနော်တို့ အဖွဲ့လေးရဲ့ အဖွဲ့ဝင်မောင်နှမများဟာဆိုရင် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုဖြင့် ရှေ့ဆက်ခဲ့ကြသည်မှာ ယခုဆိုလျှင် အဖွဲ့ရဲ့သက်တမ်းဟာ ခြောက်လထဲသို့ ရောက်ရှိလို့ လာခဲ့ပါပြီလို့ ပြောရင် နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့မှ နှုတ်ခွန်းဆက် ကြိုဆိုလိုက်ရပါသည်။


နိုင်ငံခြားရောက်မြန်မာလူငယ်များအဖွဲ့